Local News

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါကုန်စည်ပြပွဲ -၂၀၁၈ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

Last Updated:

ကတ္တမန္ဒူး     နိုဝင်ဘာ ၂၉

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူး လိုက်ပါ၍ ဒေသစံတော်ချိန် ၁၄:၀၀ နာရီတွင် ကတ္တမန္ဒူးမြို့ ရှိ Bhrikuti Mandap Exhibition Hall ၌ ပြုလုပ်သည့် Nepal Chamber Expo 2018 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကာ ဖွင့်ပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံတို့မှ ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည် ကြည့်ရှု့ရာ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့်နှင့် မြန်မာ-နီပေါ ကုန်သည်များ အသင်းမှတာဝန်ရှိသူများက ကြိုဆို၍ ပြခန်းများအား လိုက်လံရှင်းလင်းပြသပါသည်။ နီပေါကုန်စည်ပြပွဲ - ၂၀၁၈ တွင် မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံများမှ ပြခန်းပေါင်း ၁၄၅ ခန်း ခင်းကျင်းပြသလျက်ရှိပြီး  မြန်မာနိုင်ငံမှ ပဲအမျိုးမျိုးနှင့် စိုက်ပျိုးရေးသီးနှံပြခန်းများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာ အသုံးအဆောင်များ ပြခန်း၊ လက်ဝတ်ရတနာပြခန်း၊ ခရီးသွားလုပ်ငန်းပြခန်း၊ ဒေသအသီးသီးမှ SME များ ထုတ်လုပ်သည့် လက်မှုပစ္စည်းများ၊ ကော်ဖီနှင့် တန်ဖိုးမြှင့်စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများ အပါအဝင် ပြခန်းပေါင်း၂၀ ဖွင့်လှစ် ပြသလျက်ရှိကြောင်းသတင်းရရှိသည်။

ကိုထက် (myantrade)

Category: Local News